တာမွေမြို့နယ်တွင် ခြင်မှတစ်ဆင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရေးအတွက် အထူးအလေးထားဆောင်ရွက်

ရန်ကုန် ဇူလိုင် ၉
မိုးရာသီကာလ၌ ဖြစ်ပွားမှု အများဆုံးဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်မှတစ်ဆင့် ကူးစက် ရောဂါများ မဖြစ်ပွားစေရေး အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပြည်သူ့ကျန်းမာရေး ဌာန တောင်ပိုင်းခရိုင်မှူး ဒေါက်တာအောင်ကိုဦး ဦးဆောင်၍ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ တာဝန် ရှိသူများသည် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် တာမွေကြီ (က+ဂ)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာရေးကော်မတီ (ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန) ဝန်ထမ်းအိမ်ရာဝင်းအတွင်းရှိ ခြင်များ ပေါက်ဖွားနိုင်သည့် ရေသိုလှောင်ကန်များနှင့် ရေစည်ရေအိုးများအတွင်း အဘိတ်ဆေးများ လိုက်လံခတ်ပေးခြင်း၊ ခြင်ထောင်များ ဆေးစိမ်ပေးခြင်း၊ ဝန်ထမ်းအိမ်ရာ၏ နောက်ဖေးလမ်းကြားများ အပါအဝင် ခြင်များခိုအောင်းနိုင် သည့် နေရာများအား ရှင်းလင်း ပေးခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း လက်ဝယ်အရောက် လိုက်လံ ဖြန့်ဝေပေးခဲ့ကြသည်။
"ယခုလို မြို့နယ်စည်ပင်သာယာရေးဌာနက တာဝန်ရှိသူတွေအနေနဲ့ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အဘိတ် ဆေးခတ် ပေးတာတို့၊ ခြင်ထောင်ဆေးစိမ်ပေးတာအပြင် နောက်ဖေးလမ်း ကြားရှိ စွန့်ပစ်အမှိုက်များ ရှင်းလင်းပေးတဲ့အတွက် အားလုံး ကိုယ်စား ကျွန်တော်အနေနဲ့ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ နောက်နောင်လည်း မြို့နယ်အတွင်းရှိ ပြည်သူများအတွက် လိုအပ်သော လူမှုရေး၊ ကျန်းမာရေးကိစ္စအဝဝကို ကူညီဆောင်ရွက် ပေးစေချင်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ယခုလိုအချိန်မှာ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်ကြပါလို့လည်း ပြောချင်ပါတယ်" ဟု ရပ်မိရပ်ဖ တစ်ဦးကပြောသည်။
တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့နယ်အတွင်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ စေရေး၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် တာမွေမြို့နယ်ရှိ နတ်ချောင်း၊ ခုနှစ်ပင် လိမ်ချောင်း၊ မိုးမခချောင်းအပါအဝင် မြို့နယ်အတွင်းရှိ မြစ်ချောင်းများ နှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။
နိုင်လင်းအောင်