ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်

ဒေါပုံ ဇူလိုင် ၉
 
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဒေါပုံမြို့နယ် အတွင်းရှိ လူစည်ကားရာနေရာ များဖြစ်သော မြို့သစ်ရပ်ကွက်ရှိ ဒေါပုံဈေး၊ ဇေယျာသီရိရပ်ကွက်ရှိ ရတနာဈေး၊ နွယ်အေးရပ်ကွက်ရှိ သီတာနွယ်လမ်းနှင့် ရွှေနှင်းဆီလမ်း၊ ဗမာအေးရပ်ကွက်ရှိ ရွှေဖူးမျှော်လမ်းနှင့် ဗိုလ်ချုပ်လမ်းမကြီး တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် လိုက်လံကြေညာပေး လျက်ရှိကြောင်း သိရသည်။
 
ထိုသို့ လိုက်လံကြေညာပေးရာတွင် ပြည်သူလူထုအနေဖြင့် ယခုကြုံတွေ့ နေရသော ကိုဗစ်-၁၉ ရောဂါ သည် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန် သည့်အတွက် မိမိတို့ မြို့နယ်အတွင်းသို့ ဝင်ရောက် မကူးစက်နိုင်စေရန် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask များ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသော နေရာများ သို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ ခပ်ခွာခွာ နေထိုင်ကြရန်စသည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့် ပတ်သက် သည့် ထုတ်ပြန် ချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်၊ ရပ်ကွက်များတွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်နှင့် ဆိုင်ထိုင်ရောင်းချမှုများ မရှိစေရေးကြပ် မတ် ဆောင်ရွက်ကြရန်၊ ပြည်သူများအနေဖြင့် မလိုလားအပ်သော ခရီးသွားလာခြင်းအား လုံးဝမပြုလုပ်ကြရန်၊ (Stay at Home) သတ်မှတ်ထားသော မြို့နယ်များမှ လာရောက်သူများ ရှိပါက အသွားအလာကန့်သတ်ထားခြင်းနှင့် ဓါတ်ခွဲနမူနာ စစ်ဆေးခြင်းများကို လမ်းညွှန်ချက်များအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ရန် စသည့် အကြောင်းအရာများကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရှိရသည်။
 
ခင်မာဝေ