လှိုင်းဘွဲ ဇူလိုင် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ဒေသနေ ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင် များအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးဌာန ဆရာမများက ကိုယ်ဝန်ဆောင်မိခင် များအား ကိုယ်ဝန်စောင့်ရှောက်မှုကို စနစ်တကျခံယူရန်၊ မိမိကြိုက်နှစ်သက်ရာ အစားအစာများကို ရွေးချယ်စားသုံးခြင်း မပြုဘဲ အစာအာဟာရ ရရှိစေမည့် အစားအစာများကို မျှတပြည့်ဝစွာ စားသုံးရန်၊ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးနှင့်ပတ်သက်၍ ရှောင်ရန်၊ ဆောင်ရန်အချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့သည့် ကာလဖြစ်၍ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်ရေး အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးပေးခြင်း၊ သံချဆေးတိုက်ကျွေး ပေးခြင်း၊ ကိုယ်ဝန်ရာဇဝင် မေးခြင်း၊ HIV/AIDS ရောဂါစစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန် ချိန်ပေးခြင်းနှင့် လိုအပ်သောကျန်းများရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)