ကျိုင်းတုံ ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နောင်ကွမ်ဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများက ကျိုင်းတုံမြို့ နောင်ကွမ် ဈေးအတွင်း ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးပြီး စနစ်တကျ တပ်ဆင်၍ ဈေးရောင်း၊ ဈေးဝယ် ပြုလုပ်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများကို တိကျစွာလိုက်နာကြရန် အသိပညာပေး ပြောကြားခြင်းများ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
အလားတူ ကျိုင်းတုံမြို့နယ်အတွင်း လူစည်ကားရာနေရာများ၊ ဈေးများတွင် မဖြစ်မနေ အပြင်ထွက် သွားလာသူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေး နှိုးဆော်ခြင်း များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဇင်မြင့်