နမ့်ဆန် ဇူလိုင် ၉
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကာကွယ် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး အဆိုပါအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ (၈-၇-၂၀၂၁) ရက်နေ့မှ (၂၂-၇-၂၀၂၁) ရက်နေ့ထိ မြို့နယ်အတွင်း နေထိုင်ကြသည့် ဒေသခံပြည်သူများအနေဖြင့် မြို့အဝင် ကိုဗစ်(၁၉) ရောဂါ စစ်ဆေးရေးဂိတ်သို့ ဖြတ်သန်း၍ မြို့ပေါ်နှင့် ပတ်ဝန်းကျင် ကျေးရွာအသီးသီးသို့ သွားလာမည်ဆိုပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ရပ်ကွက် ကျေးရွာ အုပ်စု အတွင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက် ပါရှိမှသာ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ပြီး ထောက်ခံချက်မပါလျှင် သတ်မှတ်နေရာတွင် Quarantine ဝင်ရောက်စေခြင်း (သို့မဟုတ်) ၎င်းဝင်ရောက်လာသည့် လမ်းကြောင်းအတိုင်း ပြန်လည်စေလွှတ်ခြင်းတို့ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်မှ အခြားမြို့များသို့ နေ့ချင်းပြန်သွားလာမည့် ကုန်တင်ယာဉ်များ အနေဖြင့် အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့များတွင်သာ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေး စစ်ဆေးမှုခံယူ၍ သတ်မှတ်ထားသည့် ပုံစံတွင် ဖြည့်စွက်ရေးသားပြီး နံနက် (၇) နာရီအချိန်မှစ၍ ရောက်ရှိခဲ့သည့် မြို့နယ်၏ ထောက်ခံချက်ပေါ်မူတည်၍ ညနေ(၅)နာရီ အချိန်အတွင်းသာ ပြန်လည် ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး ကျန်ရက်များတွင် အခြားမြို့များသို့ သွားလာခွင့်ပြုမည် မဟုတ်ကြောင်း မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများသို့ တာဝန်ရှိသူများက ကြေငြာထားသည်။
ထို့အပြင် အရေးပေါ် ကျန်းမာရေးကိစ္စများနှင့် တာဝန်မှအပ သွားလာခွင့်ပြုမည် မဟုတ်ကြောင်းနှင့် အရေးပေါ် သွားလာခြင်းဖြစ်ပါက ခရီးသွားရောက်ခဲ့သည့် ဒေသအပေါ်မူတည်ပြီး သတ်မှတ်ချက်များ နှင့်အညီ Quarantine ထားရှိဆောင်ရွက်သွား ဖြစ်ကြောင်းနှင့် (၈-၇-၂၀၂၁) ရက်နေ့မှ (၂၂-၇-၂၀၂၁) ရက်နေ့ ထိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား နေ့ချင်းပြန် ဖြစ်စေ ညအိပ်ညနေ ဖြစ်စေ ယာယီ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သိရသည်။
စည်သူမောင်မောင်