မိုင်းယောင်း ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask)တပ်ပြီး သွားလာကြရန် အသိပညာပေးပြီး Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန် က နမ့်မိန်ချောင်းတံတားလမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြုလုပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ စိုက်ပျိုးရေး၊ စည်ပင်၊ လဝက၊ မီးသတ်၊ ပြန်/ဆက်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မျိုးဆက်သစ်ရောင်နီပရဟိတ လူမှုကူညီရေးအသင်းဝင်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ဒေသခံပြည်သူများအနေဖြင့် အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများ သွားလာခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်၊ လက်ကို Hand Gel ဖြင့် ဆေးကြောရန်၊ နှာချေ၊ ချောင်းဆိုးပါက ပါးစပ်ကို စနစ်တကျ ဖုံးအုပ်ထားရန်၊ အသုံးပြုပြီးဖြစ်သော နှာခေါင်းစည်း (Mask)များကို စနစ်တကျ စွန့်ပစ်ကြရန် စသည့် အသိပညာပေးဆော်ဩကာ Mask များကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အားချာ