သီပေါ ဇူလိုင် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ပြည်သူ့အားကစားကွင်း အတွင်း မိုးလုံလေလုံ အားကစားရုံတည်ဆောက်နေမှု အခြေအနေအား မြို့နယ်အရည်အသွေး ထိန်းချုပ်ရေးနှင့် အပြီးသတ်လက်ခံရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အားကစားရုံတည်ဆောက်ရာတွင် လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းမှု ရှိ/မရှိတို့ကို မြို့နယ်အရည်အသွေးထိန်းချုပ်ရေးနှင့် အပြီးသတ်လက်ခံရေး ကော်မတီကကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မိုးလုံလေလုံအားကစားရုံအား တင်ဒါအောင်မြင်သည့် ရှမ်းပြည်အလှကုမ္ပဏီက ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေ ကျပ် (၃၅၄.၈၅)သန်းဖြင့် (၂၀၀ပေ X ၁၀၀ပေ) ကို တည်ဆောက် ပေးလျက်ရှိရာ ယခုအခါတွင် လုပ်ငန်း၏ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် အားကစားရုံ တည်ဆောက်ပြီးစီးပါက အားကစားရုံအတွင်း ဘောလီဘော၊ ဘတ်စကတ်ဘောနှင့် ခြင်းလုံး အစရှိသည့် အားကစားနည်းမျိုးစုံတို့ကို ပြည်သူများ လာရောက် ဆော့ကစားနိုင်မည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူးထံမှ သိရသည်။
ခင်လေး (သီပေါ၊ပြန်/ဆက်)