မိုင်းပျဉ်း ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦးထပ်မံတွေ့ရှိကြောင်းသိရသည်။
ရန်ကုန်မြို့မှ မိုင်းဖြတ်မြို့သို့ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ထွက်ခွာလာသည့် ယာဉ်ပေါ်တွင် အမျိုးသား (၂)ဦးနှင့် အမျိုးသမီး(၂)ဦးတို့သည် ယမန်နေ့ မွန်းလွဲ ၁နာရီခွဲက မိုင်းပျဉ်းမြို့သို့ ရောက်ရှိပြီး ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ရာ အမျိုးသား(၂)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည်။ မိုင်းပျဉ်းမြို့တွင် ဇူလိုင် ၈ ရက်နံနက်ပိုင်းက ကိုဗစ်အတည်ပြုလူနာ(၂)ဦးတွေ့ရှိခဲ့ပြီး မွန်းလွဲပိုင်းတွင် ထပ်မံ၍ကိုဗစ် အတည်ပြုလူနာ(၂)ဦး စုစုပေါင်း(၄) ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။
Covid-19 ရောဂါပိုးတွေ့ရှိသူ(၄)ဦးအား မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင်ထားရှိပြီး၊ ၎င်းတို့နှင့်ထိတွေ့ခဲ့သူ(၃)ဦးကိုမိုင်းပျဉ်းမြို့ Community Based Facility Quarantine ၌ထားရှိ ကြောင်းသိရသည်။ မိုင်းပျဉ်းမြို့၌ ဇွန်လ ၃၀ရက်နေ့မှ ဇူလိုင် ၈ရက်နေ့ထိ ကိုဗစ် အတည်ပြု လူနာ(၉) ဦးရှိိ ကြောင်း သိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)