မိုင်းယောင်း ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၉)ရပ်ကွက်၌ Fever Clinic ကိုယ်ပူဖျားနာဆေးကုခန်းကို ယနေ့နံနက်ပိုင်း က ဖွင့်လှစ်ပြီး လိုအပ်သော ကျန်းမာရေးစစ်ဆေးပေးခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ပေးနေကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကိုယ်ပူဖျားနာဆေးကုခန်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ၊ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်ပြီး မည်သူမဆို ဖျားနာ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှုကြပ်၊ အနံ့မရ၊ နှာစေး၊ အရသာခံစား မရသူများ လာရောက်ပြသကာ ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ ခြောက်ဦးရှိလာခဲ့ပြီး ရောဂါထပ်မံဖြစ်ပွားမှု မရှိစေရန်နှင့် ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ကုသနိုင်ရေးတို့ကို အထူးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း