ရန်ကုန် ဇူ လိုင် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးဆက်ပျံနှံ့မှုများရှိနေပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ပိုးတွေ့အတည်ပြု သေဆုံးလူနာများလည်းရှိနေကြောင်း ယနေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ သိရသည်။
သန်လျင်မြို့နယ်အတွင်း ဇွန်လ ၁ ရက်နေ့မှ ဇူလိုင် ၇ ရက်နေ့အထိ ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၅၀) ဦးရှိပြီး ပိုးတွေ့အတည်ပြုလူနာ သေဆုံးသူ စုစုပေါင်း (၄) ဦးအထိရှိလာပြီဖြစ်ကြောင်းနှင့် ကိုဗစ်- ၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာများအား သက်ဆိုင်ရာ ကုသရေးဌာနများနှင့် ကုသရေးစင်တာများတွင် ကျန်းမာရေးစောင့်ရှောက် ဆေးဝါးကုသမှုများဆောင်ရွက်ပေးလျက်ရှိကာ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူ အတူနေမိသားစုဝင်များအား အသွားအလာကန့်သတ်၍ မိမိတို့နေအိမ်များတွင်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
သန်လျင်မြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်း ကော်မတီမှ ဦးဆောင်ကာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံနှံ့မှုလျော့နည်းကျဆင်းရေးအတွက် မိမိတို့နေအိမ်များတွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေ နေအိမ်ပြင်ပထွက်ခွာသွားလာရပါက တစ်ဦးထပ်မပိုဘဲ ပါးစပ်နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြရန်၊ နေအိမ်တွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ရှိပါက မိသားစုကျန်းမာရေးအတွက် အထူးဂရုပြုနေထိုင်ကြပါရန် မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ နှိုးဆော်ထားရှိကြောင်း သိရသည်။