ကျောက်မဲမြို့အတွင်းရှိ ရောင်းချခွင်ပြုသည့်အရောင်းဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ကျောက်မဲ ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ရောင်းချခွင့်ပြုထားသည့်အရောင်း ဆိုင်များ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချ မှုရှိ/မရှိကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ တတိယလိုင်းအတွင်း ကျောက်မဲမြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၉၄ ဦးရှိပြီး သေဆုံးသူ ၃ ဦးရှိပြီဖြစ်ရာ ပြည်သူများအကြား ရောဂါကူးစက် ဖြစ်ပွားမှုကို လျှော့ချနိုင်စေရန်အတွက် ဇူလိုင် ၇ ရက်နေ့မှစ၍စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ စားသောက်ကုန်နှင့်ဆေးများရောင်းချသည့် ဆိုင်များမှအပ အခြားလူသုံးကုန် ရောင်းချ သည့်ဆိုင်များကို ပိတ်ထားစေခဲ့သည်။

ထို့အပြင်ဇူလိုင်လ ၃ ရက်နေ့မှစ၍ မြို့ပေါ်ရှိ စည်ပင်သာယာဈေး ၂ ဈေးကို ရက်သတ္တပတ် ၂ ပတ်ကြာ ယာယီပိတ်ထားပြီး စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို Take Away ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုခဲ့ကြောင်း စည်ပင် သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦး၏ ပြောကြားချက်အရသိရသည်။

ထို့ကြောင့် အဆိုပါ ရောင်းချခွင့်ရသည့် စားသောက်ကုန်ရောင်းချသည့်ဆိုင်များ၊ စားသောက်ဆိုင် များနှင့် လက်ဖက်ဆိုင်များအား ကျန်းမာရေးဌာနမှ သတ်မှတ်ထားသည်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ရောင်းချရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး အသိပညာပေး ခြင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း