ပုဗ္ဗသီရိ ဇူလိုင် ၈
နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အစိမ်းရောင်ကျေးလက်ဒေသဖွံ့ဖြိုးရေး (Green Growth)အသိပညာပေးသင်တန်းနှင့် ကျေးရွာအဆင့်ခေါင်းဆောင်မှုသင်တန်းကို ယနေ့နံနက် ၉နာရီက ပုဗ္ဗသီရိမြို့နယ်၊ ညောင်လူးကျေးရွာဓမ္မာရုံ၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နေခြည်ဇာဝေက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများရှိ ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသား များ၏ခေါင်းဆောင်နိုင်မှု အရည်အသွေးတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ယနေ့သင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ကြောင်း၊ ယခုသင်ကြားပေးသော သင်ခန်းစာများကို မိမိတို့မြေပြင်ပကတိ လုပ်ကိုင်ဆောင်ရွက်နေရသော အခြေအနေများနှင့်ဆက်စပ်ပြီး မျှဝေဆွေးနွေးသင်ယူကြရန်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ညောင်လူးကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ကံသာ ကျေးရွာ၊ သံပုရာကုန်းကျေးရွာတို့မှ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား သင်တန်း နည်းပြ(၆) ဦးက ရိတ်သိမ်းချိန်လွန်နည်းပညာအသုံးချခြင်း၊ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန် စီမံခြင်း၊ ဓာတုဗေဒသုံး စိုက်ပျိုးရေးပစ္စည်းများ လျော့ချသုံးစွဲမှုအသိပညာပေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)တွင် ပါဝင်သည့် အခန်းကဏ္ဍများကိုလည်းကောင်း၊ ကောင်းမွန် သော မွေးမြူရေးကျင့်စဉ်(GAHP)နှင့် ရေသတ္တဝါမွေးမြူရေးကျင့်စဉ်စသည့် ဘာသာရပ်များကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ သင်တန်းကာလ တစ်ရက်ကြာ သင်ကြားပို့ချ ကြောင်းသိရသည်။