ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပထမအကြိမ် မဲဆန္ဒရှင်စာရင်းလိုအပ်ချက်များ ပြန်လည်ပြုပြင်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ကျောက်ပန်းတောင်း ဩဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပထမအကြိမ် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများမှ မှားယွင်းမှု၊ လိုအပ်မှုများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အဖွဲ့ခွဲဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ စကားဝါမြေခန်းမတွင် ပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်ဆွေအေးက ဆွေးနွေးပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် အသက် (၁၈) နှစ်ပြည့်ပြီး မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် သက်ဆိုင်ရာကော်မရှင်ရုံးများတွင် အသိပေးကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများတွင် မှတ်ပုံတင်လိုအပ်ချက်များ၊ မှားယွင်းမှုများနှင့် အမိ/အဖအမည် မှားယွင်းနေမှုများ၊ မဲစာရင်းတွင် အမည်စာရင်းကျန်ရှိနေမှုများ အထိုက်အလျှောက်ရှိပါကြောင်း၊ အဆိုပါ ချို့ယွင်းအားနည်းချက်များကို ပြင်ဆင်၍ ဒုတိယအကြိမ် ပြန်လည်ကြေညာရာတွင် အမှားအယွင်းကင်းနိုင်သမျှကင်းအောင် ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများနှင့် အချိန်ယူ၍ လုပ်ဆောင်ရမည်ဖြစ်သော်လည်း  မိမိတို့အတွက် အချိန်အကန့်အသတ်ရှိပါကြောင်း၊ သို့ဖြစ်၍ မိမိတို့မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဌာနဆိုင်ရာများမှဝန်ထမ်း များ၏အကူအညီကို ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ဝိုင်းဝန်ကူညီပေးကြပါရန်မေတ္တာရပ်ခံပါကြောင်း ပြောကြား သည်။ ဆက်လက်၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဝမ်းတင် (ဦးစီးအရာရှိ)က ယခုကာလ ပထမအကြိမ် မဲ စာရင်းတွင် မှားယွင်းမှုနှင့် လိုအပ်ချက်များကို ပုံစံအလိုက် တင်ပြလျှောက်ထားလာမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ မဲစာရင်း ပြင်ဆင်ခြင်းဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ဝန်ထမ်းလိုအပ်ချက်နှင့် ကော်မရှင်အဖွဲ့ဝင်ဌာနများက ပေးပို့ နိုင်မည့် ဝန်ထမ်းစာရင်းများကိုတောင်းခံ၍ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးသည်။  ယင်းနောက် တက်ရောက်လာသည့် ကော်မရှင်အဖွဲ့ဝင်ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်သည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းများကို (၂၅-၇-၂၀၂၀) ရက်နေ့ နံနက်ပိုင်းမှစတင်၍ သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်ရုံးများတွင် ကြေညာခဲ့ပြီး၊ မဲစာရင်းကြည့်ရှုရန် ရက်ထပ်မံ၍တိုးခဲ့ရာ (၁၀-၈-၂၀၂၀) ရက်နေ့အထိ တစ်မြို့နယ်လုံးအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှုသူ (၂၂၁၄၃) ဦးရှိခဲ့ပြီး၊ ပုံစံ(၃)ဖြင့် ထပ်တိုး လျှောက် ထားသူ (၁၇၅၆) ဦး၊ ပုံစံ(၄)ဖြင့် ပယ်ဖျက်ပေးရန် လျှောက်ထားသူ(၆၆၅)ဦးနှင့် ပုံစံ(၄-ဂ)ဖြင့် အမှား ပြင်ဆင်ရန်တင်ပြလျှောက်ထားသူ (၂၇၆၃) ဦးရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)