မိုးညှင်း ဇူလိုင် ၈
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဟိုပင်မြို့တွင် ဇူလိုင်(၅)ရက်နေ့က စစ်ဆေး တွေ့ရှိချက်အရ ကိုဗစ်−၁၉ ရောဂါ ပိုးရှိသူ (၁၈)ဦးနှင့် ထိတွေ့ဆက်စပ်သူ (၁၁၅)ဦးအား ယမန်နေ့ နံနက်(၈)နာရီတွင် ဟိုပင်မြို့ မြို့တော်ခန်းမ၌ စစ်ဆေးမှု ပြုလုပ်ခဲ့သည်။
ထိုသို့စစ်ဆေးခဲ့ရာ ကိုဗစ်−၁၉ ရောဂါပိုးတွေ့ရှိသူ (၂၉)ဦးတွေ့ရှိခဲ့ကြောင်း ဟိုပင်မြို့ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးကော်မတီအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။
အဆိုပါရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးဝေလင်းအောင်က “ပြည်သူများ ရောဂါကူးစက်မှုမပြန့်ပွားစေဖို့ အသစ်ထပ်မံ တွေ့ရှိသူတွေကို အသင့်ထားရှိနိူင်ရန် နေရာတွေနဲ့ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များ အကြိုညှိနှိုင်း တိုင်ပင်ဆောင်ရွက် ထားခဲ့ကြောင်း၊ ပြည်သူများ အပြင်ထွက်ပါက နှာခေါင်းစည်း (Mask) တပ်ဆင်ရေးနှင့် မလိုအပ်ပါကအပြင်မထွက်ကြရန်၊ ကိုဗစ်−၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ အနေဖြင့် လူစည်ကားရာနေရာများတွင် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ ဝေငှခြင်းတို့ကို ဌာနဆိုင်ရာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း” ပြောကြားခဲ့သည်။
ဟိုပင်မြို့တွင် ပထမဆုံးအတည်ပြု လူနာ(၁၈)ဦးနှင့် ယနေ့ထပ်မံတွေ့ရှိသူ(၂၉)ဦး စုစုပေါင်း(၄၇)ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုပေးထားပြီး ၎င်းတို့နှင့် ဆက်စပ်သည့် နေအိမ်များကို အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)