ရန်ကုန် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်း ရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swab ယူ စစ်ဆေး ရာ (၁၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်း၊ တွဲလက်လူမှုကူညီ ရေးသင်း၊ စိန်ရတနာ နာရေးကူညီမှုအသင်းနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရပ်ကွက်များအတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူ(၃၁)ဦးကို သွားရောက်၍ ခေါ်ဆောင်ကာ အင်းစိန် (GTI) Quarantine Centre (၃) တွင် Swab ယူစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး (၁၄)ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်မှ(၁)ဦး၊ ကမ်းနားအလယ်ရပ်ကွက်မှ(၁)ဦး၊ ပိန္နဲကုန်း ရပ်ကွက်မှ(၁)ဦး၊ ဖော့ကန်ရပ်ကွက်မှ(၆)ဦး၊ ဘုရင်နောင်ရိပ်သာမှ (၁)ဦး၊ ရွာမအလယ် ရပ်ကွက်မှ (၁)ဦးနှင့် နံ့သာကုန်းရပ်ကွက်မှ(၃)ဦး စုစုပေါင်း(၁၄)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် တာဝန်ရှိ သူများက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများသို့ အသီးသီး ပို့ဆောင်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် ပရဟိတအသင်းများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို