ပူတာအိုမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက်စတင်စိုက်ပျိုး

ပူတာအို ဇူလိုင် ၈

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး မျိုးစေ့ထုတ်လုပ်ပြီး တောင်သူများအား မျိုးကောင်းမျိုးသန့် အထွက်တိုးမျိုး စပါးဆင်းဧကရီ-၃ ဧက(၂၀)နှင့် အရည်အသွေးကောင်း အထွက်တိုးမျိုးစပါး ဧရာမင်း(၃)ဧက မျိုးစပါးထုတ်လုပ်နိုင်ရန်အတွက် မိုးစပါးမျိုးစေ့ထုတ် စံပြစိုက်ကွက် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပူတာအိုမြို့နယ် ကောင်ကထောင် ရပ်ကွက်ရှိ မတ်ပန်စံပြစိုက်ကွင်း၌ စိုက်ပျိုးသည်။

မျိုးကောင်းမျိုးသန့် မျိုးစပါးထွက်ရန် မြေပြုပြင်ချိန်မှစ၍ နွေထယ်ရေးလှန်ခြင်း၊ ထုံးထည့်ခြင်း၊ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရန်စတင် ဆောင်ရွက်ရပါကြောင်း၊ စိုက်ခင်းသို့ရွှေ့ ပြောင်းစိုက်ပျိုးရာတွင် ပျိုးသက်(၂၁)ရက်သားတွင် ပျိုးနုတ်၍ မြေပြုပြင် ထားရှိသော စိုက်ခင်းသို့ တန်းကြားရှစ် လက်မပင်ကြား ခြောက်လက်မ လက်စနှစ်ပင်သုံးပင်နှင့် ခြောက်တန်း တစ်တန်းလှပ် ကြိုးတန်းစနစ်ဖြင့် စိုက်ပျိုးရပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်ထွေး ကပြောကြားသည်။

ထို့အပြင် မိုးစပါးစိုက်ပျိုးရာတွင် စိုက်နည်းစနစ်မှန်ကန်ရန်လိုအပ်ခြင်း၊ မြေခံမြေဩဇာ ထည့်သွင်းရန်လို အပ်ခြင်း၊ ပေါင်းမြက်ကင်းရှင်းရန်လိုအပ်ခြင်းနှင့် မျိုးကွဲရောနှောပါ၀င်နိုင်၍ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းအား အပတ်စဉ်စိုက်ခင်းအတွင်း ကွင်းဆင်းကြည့်ရှုပြီး မျိုးကွဲလက္ခဏာရှိသည့် ကောက်ပင် များအား အပင်ဖြစ်ထွန်းချိန်မှ စပါးရိတ်မည့် အချိန်အထိသုံးကြိမ်ခန့် လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ရိတ်သိမ်းရာတွင် အခြားမျိုးများနှင့် ရောနှောမှု မရှိစေရန် ဂရုတစိုက် ရိတ်သိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

အဆိုပါ စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တောင်သူများ ကိုယ်ပိုင်မျိုးစေ့ထုတ် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လာတတ်စေရန်နှင့် တောင်သူအချင်းချင်း မျိုးဖြန့်ဖြူးပေးနိုင်ရန် မျိုးအလွယ်တကူ အချိန်မီရရှိစေရန်အတွက် မျိုးစေ့ထုတ်စိုက်ခင်းများအား စံပြကွက်စိုက်ပျိုးပြသခြင်း၊ ဌာနနှင့်တောင်သူ အကျိုးတူ မျိုးစေ့ထုတ်လုပ်ငန်းလုပ် ဆောင်ပေးခြင်းများ ဆောင်ရွက်ခြင်းဖြင့် မျိုးကောင်းမျိုးသန့် အထွက်တိုး စပါးများအား တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့ စိုက်ပျိုးလာခြင်းဖြင့် မျိုးရိုးဗီဇမှန်ကန်သော မျိုးစေ့များအား စိုက်ပျိုး၍ တစ်ဧကအထွက်နှုန်း တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)