စဉ့်ကိုင် ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အနေဖြင့် ဗိုလ်တေဇလမ်း၊ ရန်နိုင်တံတားထိပ်နှင့် မြို့မစျေးတို့တွင် ယနေ့နံနက် ၇ နာရီခွဲက Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းဝင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးလှဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များနှင့် သုခဒါန လူမှကူညီရေးအသင်းအဖွဲ့ဝင်များပူပေါင်း၍ လူစည်ကားရာ နေရာဖြစ်သော မြို့မစျေးရှေ့နှင့် စျေးအတွင်း နှာခေါင်းစည်း Mask(၂၀၀၀)ကို အခမဲ့ဖြန့် ဝေပေးခဲ့ကြကြောင်း သိရသည်။
ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ပြည်သူများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ Maskကို စနစ်တကျ တပ်ဆင်စေပြီး အတတ်နိုင်ဆုံး နေအိမ်ပြင်ပသို့ သွားလာခြင်း မပြုလုပ်ကြရန်နှင့် လက်များကို စနစ်တကျ ဆေးကြရန် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်