အင်းစိန်မြို့နယ်၌ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ (ကြို့ကုန်း) တွင် ရေလုပ်သားများအတွက် အခြေခံ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း တတိယအကြိမ်ဖွင့်လှစ်

 

ရန်ကုန် ဇူလိုင် ၈

ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရေလုပ်သားများ ပင်လယ်ပြင်တွင် ကြုံရမည့် အခက်အခဲများ ဖြေရှင်းနိုင်ရန်နှင့် လုပ်ငန်းခွင်အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်၍ ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှု သင်တန်း(၃/၂၀၂၁)ကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ ငါးလုပ်ငန်းအတတ်သင်သိပ္ပံ(ကြို့ကုန်း)၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ငါးလုပ်ငန်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတင်ထွဋ်နှင့် မြန်မာနိုင်ငံ ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးဦးကျော်နိုင် တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့သည်။

သင်တန်းကို သင်တန်းသား ရေလုပ်သား(၃၀)ဦး တက်ရောက်သင်ကြားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ဇူလိုင်လ(၇) ရက်နေ့မှ ဇူလိုင်လ(၉) ရက်နေ့အထိဖြစ်ပြီး သင်တန်းတွင် ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေး၊ လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းစေရေး၊ မြန်မာ့ပင်လယ်ငါးလုပ်ငန်း ပဒေဆိုင်ရာ သိကောင်းစရာများ ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေး ကိရိယာနှင့် ပက်သက်သည့် ညွှန်ကြားချက်များ၊ ဆိပ်ကမ်း အကြောင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး၊ ရှေးဦးပြုစုခြင်း၊ ငါး/ပုဇွန်များ ကိုင်တွယ်ခြင်း၊ အရေ အသွေးထိန်းသိမ်းခြင်းနှင့် ရေကြောင်းပညာပေးဆိုင်ရာ သိကောင်းစရာများ စသည်တို့ကို ကျွမ်းကျင် ပညာရှင်များက သင်ကြားဆွေးနွေး ပို့ချသွားမည်ဖြစ်ရာ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို