မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မဘိမ်း ဇူလိုင် ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းသူဝင်းက မြို့နယ်အတွင်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ စစ်ဆေးတွေ့ရှိရ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးအတွက် အနယ်နယ်အရပ်ရပ်မှ ပြန်လည်ရောက်ရှိလာသူများအား Home Quarantine နှင့် Facility Quarantine များ ထားရှိဆောင်ရွက်နိုင်ရေး Quarantine Centre များ ထပ်တိုးပြင်ဆင်ဆောင်ရွက်ရန်၊ မြို့နယ်အတွင်းရှိဈေးများအား ပိုးသတ်ဆေးများဖျန်းနိုင်ရေး ကြိုတင်ပြင်ဆောင်ရွက်ရန်နှင့် စား သောက်ဆိုင်များနှင့် လက္ဘက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချစေရေး ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးမင်း