မိုင်းယုမြို့တွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ် (Take Away)ဖြင့်သာ ရောင်းချခွင့်ပြု

မိုင်းယု ဇူလိုင် ၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရန် မြို့ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေး ကော်မတီအဖွဲ့က ယနေ့ နံနက်ပိုင်းမှစတင်၍ လိုက်လံစစ်ဆေး သတိပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

စစ်ဆေးရာသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှု ကြီကြပ်ရေးအဖွဲ့မှ အဖွဲ့(၃)ခေါင်ဆောင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခွန်အာကာထွန်း ဦးဆောင်သည့် အဖွဲ့ဝင်များက ရောဂါပိုးထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် မိုင်းယုမြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ် ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်၍ စားသောက် သုံးဆောင်ခြင်းများကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချမှုရှိ/မရှိ လိုက်လံ စစ်ဆေးသတိပေးခြင်းများ ပြုလုပ်ကြခြင်းဖြစ်သည်။

"မိုင်းယောင်းမြို့နယ် စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည့် ကြော်ငြာချက်များအား စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးရောင်းချသူများမှ လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မြို့စည်ပင် သာယာရေးဌာကလည်း စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်(Take Away)ဖြင့်သာ ရောင်းချရန် သတိပေးစာများ ထပ်မံဖြန့်ဝေပေးထားကြောင်း" မိုင်းယုမြို့၊ စည်ပင်သာယာရေးဌာန၊ မြို့ဦးစီးမှူး ဦးသီဟသူထံမှ သိရသည်။

အလားတူ မြို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ တုံ့ပြန်ဆောင်ရွက်ရေးနှင့် စစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့(၁)နှင့် (၂)တို့မှာလည်း ဒေသတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ဈေးဆိုင်များနှင့် ပျံကျဈေးသည်များကို နေ့ညခွဲ၍ ကျန်းမာရေးနှင့်အားကစားဝန်းကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိ/မရှိတို့ကိုလည်း စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)