မိုင်းဖြတ်မြို့မစျေး၌ စားသောက်ကုန်စုံဆိုင်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်စျေးဆိုင်များကို ယာယီပိတ်ထား

မိုင်းဖြတ် ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ခြင်းနှင့် ကုသရေးလုပ်ငန်းများတွင် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် မြို့မစျေးအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စားသောက်ကုန်စုံဆိုင်နှင့် ဆေးဝါးဆိုင်များမှအပ ကျန်စျေးဆိုင်များကို ယနေ့ နံနက်ပိုင်းမှစ၍ ယာယီပိတ်ထားကြောင်း သိရသည်။

ထိုသို့ မြို့မေစျေးအတွင်းရှိ အလှကုန်စုံဆိုင်၊ အထည်ဆိုင်များနှင့် အခြားစျေးဆိုင်ခန်းတစ်ချို့ ယာယီပိတ်ထားရခြင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ယာယီပိတ်ထားခြင်းဖြစ်ပြီး အဆိုပါပိတ်ထားသည့် စျေးဆိုင်များ အရောင်းအဝယ်ပြုလုပ်နိုင်ရေးအတွက် မြို့မအားကစားကွင်းအနီးရှိ လေယာဉ်ကွင်းဟောင်း၌ ယာယီပျံကျစျေး ဖွင့်လှစ်နိုင်စေရေးကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

အဆိုပါ လေယာဉ်ကွင်းဟောင်း၌ ပျံကျစျေး ဖွင့်လှစ်ခွင့်ရရှိပါက စျေးဆိုင်များကို တစ်ဆိုင်နှင့်တစ်ဆိုင် ခြောက်ပေအကွာမှ ဖွင့်လှစ်ရောင်းချရေး၊ စျေးရောင်းစျေးဝယ်များအနေဖြင့် နှာခေါင်းစည်း(Mask)နှင့် မျက်နှာကာများတပ်ဆင်၍ ရောင်းချနိုင်ရေးတို့ကို စနစ်တကျစီစဉ်ဆောင်ရွက်ထားရှိကြောင်း အမှုဆောင် အရာရှိ ဦးစိုင်းအေးမင်းထံမှ သိရသည်။

သန်းထွန်းအေး