မတ္တရာ ဇူလိုင် ၈
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ရေး အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပါးစပ်၊ နှာခေါင်းစည်းများဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ Mask နှာခေါင်းစည်း (၄၀၀၀)ခုကို မြို့မစျေး၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါရှိ ယာယီပျံကျ စျေးနှင့် အမှတ်(၃)ရပ်ကွက်ရှိ ပျံကျစျေးတို့၌ ပြည်သူများအား ဝေငှခဲ့ကြပြီး မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းများမပြုလုပ်ရေး၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
မြို့နယ် ကိုဗစ် ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လူမှုရေးအသင်းအဖွဲ့ များနှင့် ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ၊ မြို့အဝင်တွင် ကျန်းမာရေး စစ်ဆေးရေး ဂိတ်များဖွင့်လှစ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)