နမ့်ဆန် ဇူလိုင် ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တွင် ကိုဗစ်(၁၉) ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းနှင့် ကျန်းမာရေး အသိ ပညာပေး လုပ်ငန်းများကို ယမန်နေ့မှ စတင်ပြီး ဆောင်ရွက်ခဲ့သည်။
နမ့်ဆန်မြို့နယ်အတွင်းရှိ စည်ပင်သာယာရေး နံနက်ခင်းဈေးရှေ့၊ နမ္မဝေါရပ်ကွက်လမ်းဆုံနှင့် အသွားအလာများသည့် နေရာတို့တွင် ဆောင်ရွက်ခဲ့ပြီး နေအိမ်မှ ပြင်ပသို့ ထွက်ခွာလာသူများအား မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြရန် မဖြစ်မနေသွားရောက်ရမည်ဆိုပါက ကိုဗစ်(၁၉) ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ သွားလာကြရန် အသိပညာပေး လုပ်ငန်းများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိဌာနဆိုင်ရာများ မြို့နယ်ကြက်ခြေနီ စေတနာလုပ်အားရှင်များ က ဆောင်ရွက်ခဲ့သည်။ နမ့်ဆန်မြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် စားသောက်ဆိုင်များ ကုန်ခြောက်ဆိုင်များကိုလည်း ကိုဗစ်(၁၉) ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ပါဆယ် စနစ်ဖြင့် ရောင်းချစေပြီး အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ အလားတူ မန်တုံ မြို့နယ် မြို့မရပ်ကွက်တွင် ဌာနဆိုင်ရာများနှင့် မိုးသောက်ကြယ် လူမှုကူညီရေး အသင်းတို့ပူးပေါင်း ကာ နှာခေါင်းစည်း(Mask)များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ယနေ့နံနက်ပိုင်းအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ဆန်(ပြန်/ဆက်)