မိုးနဲမြို့ Quarantine Center ဝင်ရောက်နေသူများအား (RDT) Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ (positive) ပိုး အမျိုးသားတစ်ဦးတွင် တွေ့ရှိ

မိုးနဲ    ဇူလိုင်   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ် နာဟောင်ရပ်ကွက် မိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းတွင် Quarantine Center ဝင်ရောက်နေသူ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦး ၊စုစုပေါင်း ၈ ဦး တို့အား ယမန်နေ့ညနေပိုင်းအချိန်က (RDT) Test kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (Positive) ပိုးတွေ့သူ အသက် ၁၃ နှစ်အရွယ် အမျိုးသားတစ်ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉( Positive) ပိုးတွေ့ရှိသူအား မိုးနဲမြို့နယ်ပြည်သူ့ဆေးရုံရှိ Isolation ward သို့ ရွှေ့ပြောင်းထားရှိကာ ကြပ်မတ်စောင့်ကြည့်လျက်ရှိပြီး မိုးနဲမြို့မှ ၎င်းနှင့် Contact ရှိထား သူများကို မိုးနဲမြို့ နာဟောင်ရပ်ကွက်၊ အမှတ်(၈၃) မိုးကုတ်ဝိပဿနာရိပ်သာ Quarantine Center တွင်ထားရှိ၍ ကြပ်မတ်စောင့်ကြည့်လျက်ရှိပြီး (Positive) ပိုးတွေ့ရှိသူ နေ ထိုင်ခဲ့သည့် ခိုတိဝိုးကျေးရွာရှိ နေအိမ်အား Stay at Home သတ်မှတ်ကာ မိသားစုဝင် (၄)ဦးအား Home Quarantine ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးနဲမြို့နယ်၊ ခိုတိဝိုးကျေးရွာနေသူသည် ခိုလမ်-နမ့်စန်-မိုးနဲ့ လမ်းကြောင်းဖြင့် ဇူလိုင် ၃ ရက် နေ့တွင် ၎င်း၏နေအိမ်သို့ ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ရှိ လူမျိုးပေါင်းစုံနှစ်ချင်းခရစ်ယာန်အသင်းတော်ကျောင်းတွင် တရုတ် စာပေသင်ကြားနေသော ကျောင်းသား ( ခိုလမ်တပ်မတော်ဆေးရုံ၏ ဇူလိုင်လ ၅ ရက်နေ့ (RDT) Test Kit ဖြင့် စစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ)နှင့် ဆက်စပ်ထိတွေ့ထား  သည့်သူများအား ဇူလိုင်လ ၆ ရက်နေ့တွင် Quarantine Center သို့ ပို့ဆောင်၍ အသွားအလာ စောင့်ကြည့်ကြပ်မတ်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် (RDT) Test Kit ဖြင့်စစ်ဆေးရာမှ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ (Positive) ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ (Positive) ပိုးတွေ့ရှိသူမှာဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်းစသည့် လက္ခဏာများ တစ်စုံတစ်ရာမတွေ့ရှိရဘဲ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

မိုးနဲ (ပြန်/ဆက်)