နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ သံသယ လက္ခဏာရှိသူများနှင့် အတည်ပြုလူနာ ထိတွေ့မှု ရှိသူများအား ရောဂါကူးစက်မှု ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးပေး

နမ့်ခမ်း  ဇူလိုင်  ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ များပြားလာသည့်အတွက်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်  ရောဂါသံသယလက္ခဏာရှိသူများ နှင့် အတည်ပြုလူနာ ထိတွေ့မှု ရာဇဝင်ရှိသူများအား ရောဂါကူးစက်မှု ရှိ/မရှိ သိရှိနိုင်ရန် ယမန်နေ့ ညနေပိုင်း ၂ နာရီအချိန် နမ့်ခမ်းမြို့ရှိ ကုတင်(၁၀၀)ဆန့် ပြည်သူ့ဆေးရုံ အစည်း အဝေးခန်းမ၌ RDT Test Kit ဖြင့် စစ်ဆေးပေးကြောင်း သိရသည်။

 နမ့်ခမ်းမြို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားလာသည့်အတွက် မြို့ပေါ် ရပ်ကွက်များရှိ ပြည်သူများသို့ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးကို နမ့်ခမ်မြို့ ပြည်သူ့ဆေးရုံအုပ် ဒေါက်တာ စိုင်းလှတင်က ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ သံသယလက္ခဏာ ရှိသူများနှင့် အတည်ပြုလူနာ ထိတွေ့မှု ရာဇဝင်ရှိသူများအား ယမန်နေ့ညနေပိုင်း ၂ နာရီအချိန်မှ စ၍ နေ့စဉ်နေ့တိုင်း ညနေပိုင်း ၂ နာရီမှ ညနေ ၄ နာရီအအချိန်ထိ RDT Test Kit ဖြင့် စစ်ဆေး ပေးပြီး ရောဂါသံသယ လက္ခဏာရှိသူများနှင့် အတည်ပြုလူနာ ထိတွေ့မှုရှိသူများကနေ အဆင့် ဆင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် မိမိအစီအစဉ်ဖြင့် သီးသန့် နေထိုင်ရန်၊ လူစည် ကားရာနေရာများသို့ သွားလာခြင်း မပြုရန်နှင့် မိမိအစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ကြရန်မှာကြားသည်။

နမ့်ခမ်းမြို့နယ်အနေဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အတည်ပြုချက်အရ ယနေ့ နံနက်ပိုင်း(၁၀)နာရီအချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၂၄)ဦးနှင့် သေဆုံးလူနာ (၄)ဦးရှိပြီး ဖြစ်ကြောင်း သိရသည်။

ဘဦး(ပြန်/ဆက်)