သာစည် ဇူလိုင် ၇
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင် အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာအခြေပြုဖွံ့ဖြိုးရေးစီမံကိန်းများတွင် အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး သဘောတရားများ ထည့်သွင်း ကျင့်သုံးလိုက်နာခြင်း အားဖြင့် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာ စေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မား တိုးတက်စေရန်ရည်ရွယ်၍ အဆိုပါဦးစီး ဌာနက အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ညောင်တို ကျေးရွာ၌ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ကြောင်း သိရသည်။
သင်တန်းတွင် ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးက ဌာနမှအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အကြောင်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနဦးစီးမှူးဒေါ်မိုးမိုးငွေက စိုက်ပျိုးရေး နည်းပညာဆိုင်ရာ များကိုလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်မိုးကျော်က ကောင်းမွန်သော တိရိစ္ဆာန်မွေးမြူရေးဆိုင်ရာများကိုလည်းကောင်းပို့ချသည်။
ထို့နောက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေပေးရေးနည်း ပညာဆိုင်ရာများ၊ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကျေးရွာအဆင့် ခေါင်းဆောင်မှု ဆိုင်ရာများကို ကဏ္ဍအလိုက် ပို့ချကြပြီး သင်တန်းသား များနှင့်အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြစိမ်းရောင်၊ ကျေးလက်ရေရရှိရေးနှင့် VDPစီမံကိန်းများ ဆောင်ရွက်လျက်သော ကျေးရွာများမှ သင်တန်းသား ၄ ဦးစီ တက်ရောက်ကြကြောင်းသိရပြီး ကျန်ရှိနေသော စီမံကိန်းကျေးရွာ များတွင်လည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
ထွန်းထွန်း