ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဟိုပုံး ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း က ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေမှုအခြေအနေများ၊ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်သိန်း က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် လိုအပ်သည့်ပစ္စည်းများ တင်ပြတောင်းခံထားမှု၊ မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် စစ်ဆေး ဆောင်ရွက်နေမှု၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့်စစ်ဆေး ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များက ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် များအား RDT Test Kit ဖြင့်စစ်ဆေးရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေး၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များနှင့် ရောဂါဖြစ်ပွားလျက်ရှိသော မြို့နယ်များမှ ဝင်ရောက် လာသူများအား Quarantine ထားရှိရေး ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)