နမ့်ခမ်း ဇူလိုင် ၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် ၊ နမ့်ခမ်းမြို့၌ မျိုးရိုးဗီဇပြောင်း ကူးစက်မြန်သည့် ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်ရန် မြို့နယ် စည်ပင်သာယာရေးဦးစီးဌာန နယ်နိမိတ်အတွင်းရှိ ဈေးတွင်းဈေးပြင်တွင် ရောင်းချသည့်ဆိုင်များမှ စားသောက်ကုန်နှင့် ဆေးဝါးရောင်းချသည့် ဆိုင်မှအပ ကျန်ကုန်ဆိုင်များ ဖွင့်လှစ်ရောင်းချခြင်းကို ဇူလိုင်လ (၇) ရက်နေ့မှ (၁၅)ရက်နေ့အထိ ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကြော်ငြာထားကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ် စည်ပင်သာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးမိုင်းအောင်ဖေ က " မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားလာပြီး ရောဂါကြောင့် လူသေဆုံးမှုများလည်း မြင့်တက်လာပြီး ရောဂါထိန်းချုပ်ကာကွယ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်ရန်အတွက် ဇူလိုင်လ(၇)ရက်နေ့မှ (၁၅) ရက်နေ့အထိတွင် စားသောက်ကုန်နှင့်ဆေးဝါးရောင်းချသည့် ဆိုင်မှအပ ကျန်ကုန်ဆိုင်များ ရောင်းချခြင်း ပိတ်ထားခြင်းဖြစ်ကြောင်း၊ ရောဂါကူးစက်မှု အခြေအနေအပေါ် လိုအပ်လာပါက ထက်မံ၍ တိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ဈေးရောင်းဈေးဝယ်သူများမှ သက်မှတ်သည့် စည်းကမ်းများ လိုက်နာခြင်းရှိမရှိနှင့် ဈေးတွင်း၌ (mask) တပ်ဆင်ခြင်းမရှိသူများအား (mask)ပေးဝေခြင်းတို့ ဆောင်ရွက်နေပါကြောင်း" ဟု ပြောပြသည်။
နမ့်ခမ်းမြို့နယ် ကုတင်(၁၀၀) ဆန့် ပြည်သူ့ဆေးရုံ၏ ဇူလိုင်လ (၆)ရက်နေ့ နံနက်(၈)နာရီ အထိ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာ (၉၉)ဦး၊ ဆေးရုံမှ ဆင်းသူ (၁၆)ဦး၊ သေဆုံးသူ (၃)ဦး၊ ကုသနေဆဲ (၈၀)ဦးနှင့် High flow ပေးရသောလူနာ (၄)ဦး ရှိကြောင်းနှင့် နမ့်ခမ်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ကျေးရွာများတစ်ချို့ မြို့သို့သွားလာခြင်း ပိတ်ထားခြင်း၊ ပြည်သူများက လူထူထပ်သည့်နေရာများ ရှောင်ရှားခြင်း တို့ကြောင့် ဈေးတွင် ဈေးရောင်းဈေးဝယ်သူများ နည်းပါလျှက်ရှိကြောင်း သိရသည်။
ဆိုင်ထွန်း