မြဝတီမြို့ မဲကနယ်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

မြဝတီ ဇူလိုင် ၇

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ များပြားလာသဖြင့် အသိပညာပေး နှိုးဆော်မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မဲကနယ်ကျေးရွာအတွင်း လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြဝတီခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါ အသိပညာပေးလိုက်လံနှိုးဆော်မှုကို မြဝတီခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဉာဏ်မြင့် နှင့်ဝန်ထမ်းများ၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးဖြိုးစံနှင့် ဝန်ထမ်းများက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြဝတီမြို့အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများ များပြားလာသည့်အတွက် မြဝတီမြို့အတွင်းရှိ စားသောက်ဆိုင်များအားလုံး ဆိုင်ထိုင်စားသောက်ခြင်းကို တားမြစ်ထားပြီး ပါဆယ်စနစ်ဖြင့်သာ ခွင့်ပြုပေးလျက်ရှိပြီး အခြေခံပညာကျောင်းများပါ နှစ်ပတ်ပိတ်ထား လျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်