သုံးခွမြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ (၂၂)ဦးတွေ့ရှိ

သုံးခွ ဇူလိုင် ၇

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ သံသယလက္ခဏာရှိသူများအား RDT Test Kit ဖြင့် စစ်‌ဆေးခဲ့ရာ ဇွန်လ(၃၀)ရက်နေ့မှ ဇူလိုင်(၇)ရက်‌နေ့အထိ၊ အမှတ်(၁)ရပ်ကွက်မှ(၃)ဦး၊ (၂)ရပ်ကွက်မှ(၁)ဦး၊ (၄)ရပ်ကွက်မှ(၁)ဦး၊ (၇)ရပ်ကွက်မှ(၉)ဦး ၊ (၉)ရပ်ကွက်မှ(၂)ဦး၊ ဇွဲထော်ကျေးရွာမှ (၂)ဦး၊‌ညောင်လေးပင်ကျေးရွာမှ (၁)ဦး၊ မုဒိတာကျေးရွာမှ(၃)ဦး စုစုပေါင်း ကိုဗစ်-‌၁၉ရောဂါပိုးရှိသူ အတည်ပြုလူနာ( ၂၂)ဦး‌ရှိပြီး သေဆုံးသူတစ်ဦးရှိကြောင်း သိရှိသည်။

ရောဂါပိုးတွေ့ရှိသူများအား သုံးခွမြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင် Isolation Ward တွင် ထားရှိကာ ဆေးဝါးကုသ‌ပေးလျက်ရှိပြီး‌‌ ရောဂါပိုး‌တွေ့ရှိသူများ၏ နေအိမ်များ အတွင်းနှင့်‌ နေအိမ်ပတ်ဝန်းကျင်အား‌ ဆေးဖျန်းခြင်း‌ဆောင်ရွက်ကာ၊ ရောဂါပိုးရှိသူ အတည်ပြု လူနာများနှင့် ထိစပ်ခဲ့သူများအား နေအိမ်များတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါတတိယလှိုင်းသည် ကူးစက်ပျံ့နှံ့လွယ်ပြီး ရာသီတုပ်‌ကွေးနှင့် ဆင်တူသဖြင့် အထူးဂရုပြုရန်လိုကြောင်း၊ သံသယလက္ခဏာများဖြစ်သော ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊‌ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့ပျောက်ခြင်း၊ ဝမ်းမကြာခဏသွားခြင်း စသည့် လက္ခဏာများဖြစ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်ပြသစစ်‌ဆေးရန်လိုကြောင်း၊‌ရောဂါကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်းတပ်ဆင်ပြီးမှ သွားလာကြရန်နှင့် လက်ကိုမကြာခဏ ဆေး‌ကြောရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရန်၊ လူစုလူ‌ဝေးနေရာ များသို့ မသွားရန်၊ အာဟာရပြည့်ဝစွာစားသုံးပြီး၊ အိပ်‌ရေးဝဝအိပ်ရန် လိုအပ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာ‌ရေးမှူး ဒေါက်တာ‌ဇော်ဝင်းသန်းက ပြောကြားခဲ့သည်။

စည်သူလင်း