တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ Positive အတည်ပြုလူနာများ ဆေးကုသထားနိုင်ရန် အဆောင်များအား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

တောင်ကြီး ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ ရုံးကြီးလမ်းဘေးရှိ ယခင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး (အဟောင်း)၌ ဇူလိုင်လက ကိုဗစ်-၁၉ ရောဂါ နှာခေါင်းတို့ဖက် စစ်ဆေးဌာနအား ဖွင့်လှစ်ထားရှိရာ နေ့စဉ် ဒေသခံ ပြည်သူများက မိမိကိုယ်ကို သံသယဖြစ်သူများ လာရောက်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါ Positive အတည်ပြုလူနာများ တွေ့ရှိရကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ နှာခေါင်းတို့ဖက် စစ်ဆေးဌာနမှ လာရောက်စစ်ဆေးသည့် Positive အတည်ပြုလူနာများကို ဆေးကုသဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လ ၆ ရက် ညနေပိုင်းက တောင်ကြီးမြို့၊ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးတွင် ထားရှိနိုင်ရန် ဆေးရုံအတွင်းရှိ ကုတင်များ၊ ထိုင်ခုံများ၊ လူနာများအား ကွပ်ကဲကြည်ရှု့စောက်ရှောက်နိုင်မည့် နေရာများအား ပိုးသတ်ဆေးပတ်ဖျန်းခြင်း၊ အိမ်သာ၊ ရေချိုးခန်းများ သန့်ရှင်းရေးပြုလုပ်ခြင်း၊ တားမြစ်နယ်မြေများ အဖြစ်ကန့်သတ်ခြင်း၊ အမှိုက်ပုံးများထားရှိခြင်း၊ ရေနှင့် လျှပ်စစ်မီး ကောင်းမွန်စွာရရှိရေး ဆောင်ရွက်ပေးကြပြီး အမျိုးသမီးနှင့်ကလေးဆေးရုံကြီး ပထမအထပ်တွင် အမျိုးသားလူနာများထားရှိ၍ ဒုတိယအထပ်တွင် အမျိုးသမီးလူနာများ ထားရှိပြီး လူနာစုစုပေါင်း (၈၀)ဦးခန့်ထားရှိနိုင်ကြောင်းနှင့် ရောဂါအခံရှိသူများ၊ သက်ကြီးပိုင်းများကို စဝ်စံထွန်းဆေးရုံကြီးတွင် ဆေးကုသမှု ခံယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ Positive အတည်ပြုလူနာများ ဆေးကုသထားရှိနိုင်ရန်အတွက် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာမြင့်သိန်းနှင့် တာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ မြို့နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ထွန်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည်ရှု့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း