ကျိုင်းတုံ ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း က ကျိုင်းတုံခရိုင်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိရ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် တိုးမြှင့်လုပ်ဆောင်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်း ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး အနယ်နယ်အရပ်ရပ်မှ ပြန်လည်ရောက်ရှိလာသူများအား Home Quarantine နှင့် သတ်မှတ်ထားသော နေရာများတွင် Quarantine ထားရှိနိုင်ရေး၊ Community Based Facility Quarantine များ ပြန်လည်ဖွင့်လှစ်သည့်အခါ လိုအပ်သည့် အိပ်ရာခင်း၊ စောင်များ ရရှိနိုင်ရေး၊ ကျိုင်းတုံမြို့နယ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ဇူလိုင် ၁၂ ရက်မှ ၂၂ ရက်ထိ အခြေခံပညာကျောင်းများ ခေတ္တပိတ်ထားနိုင်ရေး၊ မြို့နယ်များအလိုက် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်အခြေအနေများနှင့် ပတ်သတ်၍ ဆက်သွယ်ဆောင်ရွက်ရန် Call Center များ ဖွင့်လှစ်နိုင်ရေး၊ ကျန်းမာရေးစစ်ဆေးရေး ဂိတ်များတွင် ကူညီဆောင်ရွက်ပေးနေသည့် Volunteer များအား ကူညီထောက်ပံ့နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ဒေသခံစေတနာရှင် ပြည်သူများမှ ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် လူထုလူတန်းစားအသီးသီးမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရေး ဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ကျိုင်းတုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ကျိုင်းတုံခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးနေသည့် မိဘသွေး၊ တိုင်းနေ၊ လားဟူ လူမှုကူညီရေး အသင်းအဖွဲ့များအား PPE ဝတ်စုံ ၁၅၀ စုံ ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်