ကျောက်တန်း ဇူလိုင် ၇
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်လည်း ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်းတွင်လည်း ကူးစက်ပျံ့နှံ့မှု များပြားလာကြောင်း သိရသည်။
ထိုသို့ကူးစက်မှုများ များပြားလာရာ ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ကျန်းမာရေးဝန်ထမ်းအချို့ပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံတက်လူနာ လက်ခံခြင်းနှင့် ခွဲစိတ် ကုသခြင်းများကို ယနေ့ဇူလိုင်လ ၇ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ (၇) ရက် ယာယီရပ်နားထားမည်ဖြစ်ပြီး ပိုးတွေ့အတည်ပြုလူနာများနှင့် ထိစပ်မှုမရှိသည့် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများက အနံ့ပျောက်လူနာများ၊ Contact Person များအား RDT ဖြင့် စစ်ဆေးပေးခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်းလုပ်ငန်းများ၊ တီဘီရောဂါလူနာများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများနှင့် အရေးပေါ် လူနာများအား ဆေးရုံလွှဲပြောင်းပေးခြင်းများအား ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ကျောက်တန်းမြို့နယ်အတွင်းမှ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများအား ကျောက်တန်းမြို့ ကိုဗစ်-၁၉ ယာယီကုသရေးစင်တာ (ရွှေမှော်ဝန်း သာသနာ့ဗိမာန်) တွင် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပြီး လက်ရှိအချိန်ထိ စစ်ဆေးသူပေါင်း (၄၉)ဦး ၊ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ (၂၈) ဦး နှင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ (၃) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရန် ကူညီထောက်ပံ့ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)