နမ့်ခမ်း ဇူလိုင် ၇
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ စည်ပင်သာယာရေးဌာန လက်အောက်ရှိ ပုံမှန်ဖွင့်လှစ်ရောင်းနေသည့် မြို့မစျေးအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် အဝတ်အထည်ဆိုင်ခန်းများ၊ အသုံးအဆောင်ပစ္စည်း ဆိုင်ခန်းများနှင့် ကျန်ရှိသည့် ဆိုင်ခန်းများအား ဖွင့်လှစ်ရောင်းချခြင်း မပြုတော့ဘဲ စားသောက်ကုန်နှင့်ဆေးဝါးဆိုင်းခန်းများသာ ဖွင့်လှစ်ရောင်းချခွင့်ပြုကြောင်း သိရသည်။
မြန်မာနိုင်အနှံ့ နေရာတော်တော်များများသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုန်နှုန်း မြန်ဆန် လျှက်ရှိပြီး မျိုးရိုးဗီဇ ပြောင်းလဲသော ရောဂါပိုးကူး စက်ပြန့်နှံ့မှုရှိနေကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်အရ သိရှိရသဖြင့် ရောဂါကာကွယ်ထိန်းချုပ်ကုသခြင်း လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန် လိုအပ်သည်။
ရှမ်းပြည်နယ်၊ စည်ပင်သာယာရေးဌာန၏ ညွှန်ကြားချက်အရ နမ့်ခမ်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသခြင်း လုပ်ငန်းစဉ်ဖြစ်သည့် မြို့နယ်စည်ပင်သာယာရေးဌာန လက်အောက်ရှိ ပုံမှန်ဖွင့်လှစ်ရောင်းနေသည့် မြို့မစျေးအတွင်းတွင် စားသောက်ကုန်ဆိုင်ခန်းများနှင့် ဆေးဝါးဆိုင်ခန်းများသာ ဖွင့်လှစ်ရောင်းခွင့်ပြုပြီး အဝတ်အထည်ဆိုင်ခန်းများ၊ အသုံးအဆောင်ပစ္စည်းဆိုင်ခန်းများနှင့် ကျန်ရှိသည့် ဆိုင်ခန်းများအား (၇-၇-၂၀၂၁)ရက်နေ့မှ (၁၅-၇-၂၀၂၁)ရက်နေ့အထိ ပိတ်သိမ်းထားရန်နှင့် ဖွင့်လှစ်ရောင်းချခြင်းမပြုရန် နမ့်ခမ်းမြို့ စည်ပင်သာယာရေးဌာနက ယနေ့မနက်ပိုင်း ထုတ်ပြန်အသိပေး ညွှန်ကြားသည်။
ညွှန်ကြားချက်များအား မြို့မစျေး အတွင်း/အပြင် စျေးရောင်းချနေသည့် စျေးသူစျေးသားများ သိရှိလိုက်နာနိုင်ရန်အတွက် နမ့်ခမ်းမြို့ စည်ပင်သာယာရေးဌာနမှ အလုပ်အမှုဆောင်အရာရှိ ဦးအောင်ဖေနှင့် တာဝန်ရှိသူများက ညွှန်ကြားချက်စာများကို လိုက်လံဖြန့်ဝေ အသိပေးလျက်ရှိကြောင်း သိရသည်။
ဘဦး