အောင်မြေသာစံမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထားသော ညွှန်ကြားချက်များအား လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်

အောင်မြေသာစံ ဇူလိုင် ၇
 
မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်အတွင်းရှိအောင်မြေသာစံမြို့နယ်အားကျန်းမာရေးနှင့်အားကစားဝန်ကြီးာနမှ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားရာပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်များ အား လိုက်နာဆောင်ရွက်မှုရှိ/မရှိကို မြို့နယ်ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်၈နာရီက၁၉လမ်း၊ ၅၇လမ်းနှင့်၅၈လမ်းကြားတွင် စစ်ဆေးခြင်းများဆောင်ရွက်ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိမရှိတို့ကို စစ်ဆေးမေးမြန်းကာ လိုက်နာမှုမရှိသူများအား မလိုအပ်ဘဲ နေအိမ်ပြင်ပသို့မထွက်ကြရန်၊ မဖြစ်မနေပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို စနစ်တကျတပ်ဆင်သွားလာကြရန်၊ လူစုလူဝေးရှိသည့် နေရာများသို့ မသွားကြရန်နှင့် မိမိတို့နေအိမ်အတွင်းမှာသာ နေထိုင်ကြရန်တို့ကို အသိပညာပေး ပြောကြားပြီး ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များကို အခမဲ့ပေးဝေကြသည်။
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ဈေးများ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များအတိုင်း ပြည်သူများက လိုက်နာဆောင်ရွက်မှုရှိစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)