မိုးနဲမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း အားကစားရုံ တည်ဆောက်

မိုးနဲ ဇူလိုင် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် အားကစားနှင့် ကာယပညာဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်ပြည်သူ့အားကစားကွင်းဝင်း အတွင်း မိုးလုံလေလုံ အားကစားရုံ တည်ဆောက်လျက်ရှိသည်။

မိုးလုံလေလုံ အားကစားရုံအား တင်ဒါအောင် ချယ်ရီဘုရင်မ ကုမ္မဏီမှ ခွင့်ပြုရန်ပုံငွေ ကျပ် ၃၆၀ သန်း ဖြင့် အလျားပေ ၂၀၀၊ အနံပေ၁၀၀ နှင့် အမြင့် ပေ၄၆ပေကို တည်ဆောက်ပေးလျက်ရှိရာ အားကစားရုံ တည်ဆောက်ပြီးစီးပါက အားကစားရုံ အတွင်း ဘောလီဘော၊ ဘတ်စကက်ဘောနှင့်ခြင်းလုံး အစရှိသည့် အားကစားနည်း မျိုးစုံတို့ကို ပြည်သူများ သွားရောက် ဆော့ကစားနိုင်မည်ဖြစ်ပြီး ယခုအခါ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရ သည်။

အဆိုပါ အားကစားရုံတည်ဆောက်ရာတွင် လုပ်ငန်းများ အရည်အသွေးပြည့်မီစေရန်၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ် အရည်အသွေးစစ်ဆေးရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ဇင်ကိုကို(မိုးနဲ)