မိုင်းယောင်း ဇူလိုင် ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ဝမ်တပ်၊ ဝမ်မန်း၊ ဝမ်ဘိုး၊ ဝမ်ကောင်းကျေးရွာအုပ်စုနှင့် ဟောင်ကြန့်ကျေးရွာအုပ်စုများရှိ Home Quarantine ထားရှိသူများအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက Home Quarantine ထားရှိသူများအား အသွားအလာကန့်သတ်ခြင်း လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသွားအလာ ကန့်သတ်ခြင်းကာလပြည့်အောင် ပူးပေါင်းဆောင်ရွက်ပေးကြပါ၊ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လူအများနဲ့ ထိတွေ့မှုကို တတ်နိုင်သမျှ လျှော့ချဖို့က အဓိကအကျဆုံး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ ကာကွယ်ပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ ဝတ်ဆင်ခြင်း စသည့် ကျန်းမာရေး အသိပညာပေးအချက်အလက်များကို ရှင်းလင်းပြောကြားပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ယနေ့ထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ သုံးဦးရှိလာခဲ့ပြီး ရောဂါထပ်မံ ဖြစ်ပွားမှု မရှိစေရန်နှင့် ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ကုသနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း