မြိတ် ဇူလိုင် ၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ကိုဗစ်-၁၉ ဖြစ်ပွားမှုများ တိုးလာမှုအပေါ် ကူးစက်နှုန်းကျဆင်းအောင် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ရောဂါကူးစက်မှု ကြိုတင်ကာကွယ်ရေး လုပ်ငန်းကို ဝိုင်းဝန်းဆွေးနွေး ပေးကြရန် အမှာစကားပြောကြားသည်။
ထိုနောက် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ဝင်းဗိုလ်တောရ အဖွဲ့မှ ဦးဝင်းဗိုလ်နှင့် ဦးသက်စိုးတို့က နှာခေါင်းစည်းဘူး(၂၀၀၀)ဘူး လှူဒါန်းရာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌက လက်ခံ ရယူခဲ့သည်။ ဆက်လက်၍ ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိ သူများက ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
မြိတ်ခရိုင်တွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ကြေညာချက်များ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စည်းကမ်း သတ်မှတ်ချက်များဖြင့် ကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိအချိန်တွင် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်၌ ပိုးတွေ့လူနာ(၂၁၂)ဦးရှိခဲ့ပြီး ပြည်သူ့ဆေးရုံ များတွင် ဇူလိုင်လ(၅)ရက်နေ့အထိ ဆေးကုသမှုခံယူလျက်ရှိသူ(၇၁)ဦးရှိကြောင်း မြိတ်ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ခိုင်ထူး