မိုင်းကိုင် ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ ယမန်နေ့ က အမှတ်(၂)ရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများအရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ပိုးတွေ့အမျိုးသမီးလူနာ၏ ခရီးသွားရာဇဝင်များအရ ၎င်းနှင့် သူငယ်ချင်း သုံးဦးတို့သည် ကရင်ပြည်နယ်၊ မြဝတီမြို့မှ ဇူလိုင်လ ၂ ရက်နေ့တွင် ပြန်လာရာ ကျိုက်ထိုမြို့၌ ညအိပ်ခဲ့ပြီး ဇူလိုင်လ ၃ ရက်နေ့တွင် တောင်ကြီးမြို့သို့ ဆက်လက်ထွက်ခွာလာကာ One Love Hotel တွင်တည်းခို၍ ဇူလိုင်လ ၄ ရက်နေ့တွင် ပင်လုံမြို့လိုင်းကားဖြင့် တောင်ကြီးမှမိုင်းကိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
မိုင်းကိုင်မြို့သို့ ရောက်လျှင်ရောက်ချင်း ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်သတင်းပို့ခဲ့ရာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုင်းထွန်းလှိုင်း က ကျန်းမာရေးအသိပညာပေး၍ သတ်မှတ်ထားသော Quarantine Center တွင် ၎င်းတို့သူငယ်ချင်းသုံးဦးလုံးကို အတူတူဝင်ရောက်စေခဲ့သည်။ Quarantine ဝင်ပြီး သုံးရက်အကြာ ယနေ့ဇူလိုင်လ ၆ ရက်နေ့မနက်တွင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ သူငယ်ချင်းသုံးဦးအနက် တစ်ဦးအား ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ အမျိုးသမီးလူနာသည် လက်ရှိတွင် မြို့နယ်ပြည်သူ့ဆေးရုံရှိ Isolution Ward တွင်သီးသန့် ထားရှိကာ ကျန်းမာရေးကုသပေးနေကြောင်း၊ အနည်းငယ်နှာချေခြင်းသာဖြစ်ပြီး ၎င်း၏ ကျန်းမာရေးမှာ ကောင်းမွန်လျှက်ရှိကြောင်း၊ ကျန်ရှိသူငယ်ချင်းနှစ်ဦးကိုလည်း သီးသန့်အခန်းတွင် ထားရှိကာ ကြီးကြပ်စောင့်ကြည့်မှုများ ဆောင်ရွက်ပေးနေကြောင်း၊ မိဘပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် မပေါ့ဆကြရန် ကျန်းမာရေးဦးစီးဌာနမှူး က သတိပေးပန်ကြားထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)