နမ္မတူမြို့နယ် ပန်ဟိုက်ရပ်ကွက် (၅)တွင် ပလတ်ခုံမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

နမ္မတူ ဇူလိုင် ၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ယမန်နေ့ည (၉)နာရီအချိန်ခန့် က ပန်ဟိုက် (၅) ရပ်ကွက်ရှိ ပလတ်ခုံမှတစ်ဆင့် အပူလွန်ကဲရာမှ လူနေအိမ်တစ်လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပန်ဟိုက် (၅) ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး၏ နေအိမ်ဧည့်ခန်းရှိ ခြောက်ပေါက်ပလပ်ခုံတွင် ပလပ်များစုပြုံအသုံးပြုသဖြင့် ဝန်အားမမျှသုံးစွဲခြင်းကြောင့် မီးတောက်ထွက်ကာ သစ်သားတီဗွီစင်မှတစ်ဆင့် မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့ နမ္မတူမြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ်တစ်စီး၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည (၉)နာရီ (၂၃)မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ ဘေးအိမ်များသို့ မီးကူးစက် လောင်ကျွမ်းခြင်းမရှိကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် (၄၀၊ ၂၀၊ ၁၃)ပေ၊ သွပ်မိုး၊ သွပ်တစ်ဝက်/အုတ်တစ်ဝက်ကာ (၁)ထပ်အိမ် တစ်လုံး မီးလောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် စုစုပေါင်း တန်ဖိုးငွေကျပ် (၈၆၀၀၀၀)ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း နမ္မတူမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားသည့် နေအိမ်ပိုင်ရှင်အား နမ္မတူမြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

လူမော်