မင်္ဂလာဒုံ ဇူလိုင် ၇
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်း ခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်အမှတ်(၃) အ-ထ-က ကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီက Mask Campaign ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြောက်ပိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဆန်း၊ မြိုနယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးအေးသွင်နှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများကို Mask Campaign ပြုလုပ်ခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ လက်ကိုစနစ်တကျဆေးစေခြင်းတို့ကို ဆောင်ရွက်ပေးခြင်း၊ ကျောင်းစာသင်ခန်းနှင့် ကျောင်းဝန်း အတွင်း ဆေးမှုတ်ခြင်း၊ ချုံနွယ်မြက်များပါရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ဇွန်လ ၁၀ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ်-၁၉ ဓါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၆၉)ဦးရှိပြီး အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာများကို အမှတ်(၂)တပ်မတော်ဆေးရုံ၊ ဖောင်ကြီးကုသရေးစင်တာ၊ ဝေဘာဂီဆေးရုံ၊ အင်းတိုင်တပ်နယ် (လှည်းကူး)ပုလဲဆေးရုံ၊ အင်းတိုင်(၂)ကုတင်(၁၀၀၀)ဆေးရုံ၊ ပုလဲ(၁)ကုတင်(၁၀၀၀)ဆေးရုံ၊ တောင်ဒဂုံ(၂)ကုတင်(၁၀၀၀)ဆေးရုံ၊ တပ်မတော်သားဖွားနှင့် ကလေး(၁) မင်္ဂလာဒုံတို့တွင် ထားရှိပြီး တာဝန်ရှိသူများက ကုသစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ(၄)ဦးရှိပြီး မင်္ဂလာဒုံအောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်း ယာဉ်မောင်း(၁)ဦးနှင့် ရပ်ကွက်နေပြည်သူ(၃)ဦးဖြစ်ကြောင်း သိရသည်။
မျိုးသန့်