ချီဖွေမြို့နယ်ရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့်မပြုစေရန်နှင့် ပါဆယ်စနစ်ဖြစ်သာရောင်းချရေး လိုက်လံ အသိပေးနှိုးဆော်

ချီဖွေ ဇူလိုင် ၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် မြို့နယ်စည်ပင် သာယာရေးနယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အစားအသောက် ပြုလုပ် ရောင်းချသည့်ဆိုင်များအားလုံး (Take away)ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချီဖွေမြို့နယ်ရှိ ဒေသခံပြည်သူများ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြို့အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်များ အနေဖြင့် ဇူလိုင်(၆)ရက် နေ့မှစ၍ ဆိုင်ထိုင်စားသောက်ခြင်းစနစ်ကို လုံးဝခွင့်မပြုဘဲ (Take away) ပါဆယ်စနစ် ဖြင့်သာ ရောင်းချသွားရန် ဆိုင်ပိုင်ရှင်များအား အသိပေး နှိုးဆော်ခြင်းနှင့် ချီဖွေမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ညွှန်ကြားချက်အတိုင်း လိုက်နာခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကွင်းဆင်းစစ်ဆေးရာတွင် ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသောဆိုင်များအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ပြောကြားခဲ့သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးဇောင်းရယ်နှင့် ဝန်ထမ်းများ၊ ချီဖွေမြို့မရဲစခန်းမှူးဦးစီးနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ၊မီးသတ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ လိုက်လံ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။