အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက်ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေး

အောင်မြေသာစံ ဇူလိုင် ၇
 
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်၇နာရီက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၂၆လမ်းနှင့် ၈၆လမ်းထောင့်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးရာတွင် အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုးနှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့မှ ဒုတိယ တပ်ရင်းမှူး ဝင်းစိန်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့်ရာအိမ်မှူးများက လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက်နေအိမ်ပြင်ပထွက်သည့်အခါ တိုင်း နှာခေါင်းစည်း (Mask)များကိုစနစ်တကျတပ်ဆင်သွားလာကြစေရန်၊ ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအားမဖြစ်မနေ လိုက်နာဆောင်ရွက်ကြ စေရန်တို့အတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့်နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အလားတူအောင်မြေသာစံမြို့နယ်တွင် ၁၉လမ်းနှင့်မြို့ပတ်လမ်းသံလမ်းထိပ်၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးဦးကျော်စိုး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ခိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရာ အိမ်မှူး များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)