မြဝတီမြို့၌ လမ်းတံတားကဏ္ဍ လုပ်ငန်း ၁၁ ခုအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ရန်ပုံငွေများပေးအပ်

မြဝတီ ဇူလိုင် ၆

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်၊ ဒုတိယအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကား ပြောကြားရာ ယနေ့ ရန်ပုံငွေများပေးအပ်ခဲ့သည့် လုပ်ငန်းများအား ဆောင်ရွက်ကြရမည့်သူများ၊ ကြီးကြပ်ရမည့်သူများ အနေဖြင့် လုပ်ငန်းများ သက်မှတ်ကာလအတွင်းမှာ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း ပြီးစီးအောင် အားလုံးက ကြိုးစားဆောင်ရွက် ပေးစေလိုကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာ ရေးနှစ်၊ ဒုတိယအကြိမ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်း ရန်ပုံငွေ ခွဲဝေချထားမှုနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

ထို့နောက် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့်အဖွဲ့ဝင်များက ရန်ပုံငွေများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံ ပေးအပ်သည်။

ယခုပေးအပ်သော ရန်ပုံငွေများမှာ မြဝတီမြို့နယ်အတွင်းရှိ လမ်းတံတားကဏ္ဍ လုပ်ငန်း ၁၁ ခုအတွက် ၈၉ ဒဿမ ၃၀၀ ကျပ်သန်းကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်