လွိုင်လင်မြို့၌ ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်

လွိုင်လင် ဇူလိုင် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ ကိုဗစ် ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားမှုမရှိစေရန် ယနေ့နံနက်ပိုင်းမှစတင်၍ မြို့မဈေးကြီးတွင် ဟင်းသီးဟင်းရွက်နှင့် စားသောက်ကုန်များသာ ရောင်းချခွင့်ပြုခဲ့ပြီး အခြားလူသုံးကုန်နှင့် အလှကုန်များ ရောင်းချသည့်ဆိုင်များကို ယာယီပိတ်ထားရန် နှင့် စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားကြောင်းသိရသည်။

ကို‌ဗစ် - ၁၉ အတည်ပြုလူနာဦးရေသည် မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင် တိုးပွားများပြားလာခြင်းကြောင့် လွိုင်လင်မြို့နယ်အတွင်း ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ အခြေအနေတွင် လွိုင်လင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ ကိုဗစ်-၁၉ အတည်ပြုလူနာ အမျိုးသား(၃)ဦး နှင့် အမျိုးသမီး(၁)ဦး စုစုပေါင်း လေးဦးကို ကုသပေးလျက်ရှိကြောင်း ဒေါက်တာနေဦးထံမှ သိရသည်။

မိုးလွင်ဦး(လွိုင်လင်)