သီပေါ ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် လိုအပ်ချက်အရ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ လူနာများ ထားရှိကုသရန်အဆောင် ထပ်မံတိုးချဲ့ဖွင့်လှစ်မည့် သီပေါမြို့ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ဖျားနာကုသဆောင်အား သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀နာရီ အချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးစိုင်းဇော်ဝင်း ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့နယ်ပြည်သူ့ဆေးရုံ ဖျားနာကုသဆောင်အား သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကုတင်များထည့်သွင်းခြင်း၊ ရေချိုးမည့်နေရာများနှင့် အိမ်သာများဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သီပေါမြို့နယ်ပြည်သူ့ဆေးရုံရှိ အရိုးကုသဆောင်၊ ကလေးလူနာကုသဆောင်၊ သားဖွားဆောင်၊ ဖျားနာကုသဆောင်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ထားရှိကုသပေးလျက်ရှိပြီး ယခုအခါ မြို့နယ်အတွင်း ပိုးတွေ့လူနာများ ထပ်မံတိုးပွားလျက်ရှိသောကြောင့် နေရာလိုအပ်ချက်အရ ဖျားနာကုသဆောင် အောက်ထပ်အား ထပ်မံတိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
ခင်လေး