မူဆယ် ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊မူဆယ်မြို့ရှိ တောင်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပြန့် ပွားမှုမရှိစေရေးအတွက် ရပ်ကွက်နေပြည်သူများအား တစ်အိမ်လျှင်တစ်ဦးသာ ပြင်ပထွက်ခွာခွင့် ပြုခြင်းများနှင့် ရပ်ကွက်အတွင်း အဝင်/အထွက်သွားလာမှုများအား ကြတ်မတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
မူဆယ်မြို့၊ တောင်ရပ်ကွက်အတွင်း လူနေထူထပ်ခြင်း၊ ဈေးဆိုင်၊ အိမ်ဆိုင်များဖြင့် ခင်းကျင်း၍ ဈေးရောင်းချသူများ ပေါများခြင်းတို့ကြောင့် ကိုဗစ်-၁၉ရောဂါအလွယ်တကူ ကူးစက်ပြန့်ပွား စေနိုင်သဖြင့် ကြိုတင်ကာကွယ်တားဆီးရေးအနေဖြင့် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများကို တစ်အိမ်ထောင်လျှင် တစ်ဦးသာ ဈေးဝယ် ထွက်နိုင်ရန် မိသားစုတစ်စုလျှင် ပြင်ပထွက်ခွါခွင့် ကတ်ပြားများအား အိမ်တိုင်ရာရောက် လိုက်လံ ဝေငှပေးလျက်ရှိပြီး ရပ်ကွက်အတွင်းပိုးသတ်ဆေးများဖြန်းခြင်း၊ ကူးစက်ရောဂါမှကာကွယ်ရန် ရှောင်ရန်၊ ဆောင်ရန်များကိုလည်း နေ့စဉ်နေ့တိုင်း မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် လိုက်လံ နှိုးဆော်ခြင်းတို့ကိုဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ပြင်ပထွက်ခွာခွင့်ကတ်ပြားကို ပြသနိုင်မှသာ ရပ်ကွက်အတွင်းဝင်ရောက်ခွင့်ပြုပြီး နှာခေါင်းစည်းများတပ်ဆင်ခြင်းမရှိပါက အခမဲ့ဝေငှခြင်း၊ ရပ်ကွက်အတွင်းသို့ဝင်ရောက်လာမည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်လျက်ရှိ သည်။
မူဆယ်မြို့ရှိ တောင်ရပ်ကွက်အတွင်းနေထိုင်သူပြည်သူများမှလည်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများ၏ ဆောင်ရွက်ပေးမှုများကိုလည်း စနစ်တကျ လိုက် နာဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
စန္ဒာ