လှိုင်းဘွဲမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် အခြေခံဆိုင်ကယ်စက်ပြင်သင်တန်းဖွင့်လှစ်

လှိုင်းဘွဲ ဇူလိုင် ၆

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ စားဝတ်နေရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် အခြေခံဆိုင်ကယ်စက်ပြင်သင်တန်း ဖွင့်ပွဲကို ယမန်နေ့က ရွာကိုင်းကောင်း ကျေးရွာတွင် ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖွင့်ပွဲတွင် ဘားအံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဇော်မှ အဖွင့်အမှာစကားပြောကြားပြီး လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးစောကျော်နိုင်ထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အခြေခံဆိုင်ကယ် စက်ပြင် သင်တန်းနှင့် ပတ်သက်သည့် သင်ထောက်ကူပစ္စည်းများအား ပိုင်ကျုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဌာနခွဲစာရေးကြီး ဦးစောချစ်ဇော်မျိုးမှ ပေးအပ်ခဲ့ရာ သင်တန်းသားခေါင်းဆောင် ဦးလှဝင်းမှ လက်ခံရယူခဲ့သည်။

အဆိုပါ သင်တန်းကို ဇူလိုင်လ(၅)ရက်နေ့မှဩဂုတ်လ(၃)ရက်နေ့အထိ သင်တန်းသား(၃၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)