ကော့ကရိတ် ဇူလိုင် ၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ ဆင်ကုန်းကျေးရွာတွင် ထွက်ရှိသော ရာသီစာ ဖြစ်သည့် ဖက်စွတ်မှိုများ ယခုနှစ်တွင် ပေါများစွာထွက်ရှိသည့်အတွက် စျေးကောင်း မရကြောင်း အမှတ် (၂)ရပ်ကွက်မှ မှိုရှာဖွေ ရောင်းချသူ တစ်ဦးထံမှ သိရသည်။
အမှတ် (၂)ရပ်ကွက် မှိုရှာဖွေရောင်းချသူတစ်ဦးက “ယမန်နှစ်တွင် ဖက်စွတ်မှို အဖူး၊ အဖွင့် တစ်ပိ ဿာလျှင် ငွေကျပ် (၁၀၀၀၀)မှ (၁၂၀၀၀)အထိ ရ၍ ယခုနှစ်တွင် ကော့ကရိတ်မြို့ အတွင်း လှည့်လည်ရောင်းချရာ အဖူး တစ်ပိဿာကို ငွေကျပ် (၅၀၀၀)သာ ရရှိပြီး အဖွင့် တစ်ပိဿာလျှင် ငွေကျပ် (၃၀၀၀)သာ ရသည်"ဟု ပြောကြားသည်။ အဆိုပါ မှိုရှာဖွေသူတစ်ဦးလျှင် တစ်ရက်ကို (၄) ပိဿာမှ (၅)ပိဿာအထိ ရှာဖွေ ရရှိကြနေကြောင်း သိရသည်။
ကော့ကရိတ်မြို့မစျေးတွင် ဖက်ဆွတ်မှို အဖွင့် တစ်ပိဿာကို ငွေကျပ် (၆၀၀၀)၊ အဖူး တစ်ပိဿာကို ငွေကျပ် (၈၀၀၀)ဖြင့် ရောင်းချလျက်ရှိကြောင်း စျေးဝယ်သူတစ်ဦးထံမှ သိရသည်။
စောအောင်မျိုးလွင် (ပြန်/ဆက်)