တာလေ ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ မြို့အတွင်း သွားလာနေကြသော မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့သွားလာရာတွင် နှာခေါင်းစည်း (Mask) ဝတ်ဆင်သွားလာရေး၊ ဈေးသူဈေးသားများ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့အတွက် မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေး ကော်မတီ အဖွဲ့တို့သည် တာလေတပ်နယ်ဈေးအတွင်း ယနေ့နံနက် ၇ နာရီ က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
တာလေမြို့ ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို ဦးဆောင်သည့်အဖွဲ့သည် တာလေမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံမြို့ကြီးများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ အရှိန်အဟုန်ဖြင့် နေ့စဉ် မြင့်တက်နေခြင်းကြောင့် မြို့အတွင်း သွားလာနေကြသော မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် ရောဂါကြိုတင်ကာကွယ်နိုင်ရန် နှာခေါင်းစည်း (Mask)များ မဖြစ်မနေ ဝတ်ဆင်သွားလာရေးနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ဈေးသည်များ အနေဖြင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့ကို အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့သည်။
“ယခုအချိန်၌ ကိုဗစ်-၁၉ ရောဂါသည် မျိုးဗီဇပြောင်းလဲကာ တစ်ကျော့ပြန်လည် ကူးစက်ဝင်ရောက်လာပြီး ရောဂါပိုးသည် အနယ်နယ်အရပ်ရပ်သို့ အချိန်တိုအတွင်း မြန်ဆန်စွာကူးစက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် မြို့အတွင်းသွားလာနေကြသော မိဘပြည်သူများ အနေဖြင့် နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေးနှင့် ဈေးသည်များ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချကြရန်၊ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များ ဆိုင်ထိုင်စားသောက်ခြင်းကို ခွင့်မပြုတော့ပဲ Take Away (ပါဆယ်ဆွဲ) စနစ်ဖြင့်သာ ရောင်းချရေးတို့ကို လိုက်နာဆောင်ရွက်ကြရန်နှင့် လိုက်နာခြင်းမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုက်လံဆော်ဩခြင်းများအပြင် တိုက်နယ်ပြည်သူ့ ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာနှင့် စာစောင်များကို ဈေးသူဈေးသားများသို့ လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း” သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)